Sunday, 29 July 2012

ဗိုလ်ချုပ်ဒေါသထွက်သောနေ့


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ အပါအ၀င် မိသားစု ဓာတ်ပုံ

ဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော် (ခေတ်လူငယ်များ၏ မှတ်စု ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်) 
ဗိုလ်ချုပ်သည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကို တွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဝတ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံအဟုတ်ပေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။
စားပွဲထောင့် တစ်နေရာတွင် မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေတ်တစ်လျှောက်လုံး ဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို တွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည် တစ်လက်ကို ထောင်ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာ ဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်း မပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏ စစ်ဝတ်စုံမှာလည်း ရာသီဥတုဒဏ်ကြောင့် အဖြူရောင် ရောနှောကာ ဟောင်းနွမ်းနေပြီလေ။
ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောင့်အယှက် မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ။
သို့သော် အပြင်တွင် ပစ္စည်းသေတ္တာများကို သယ်ချနေသော ရုံးတာဝန်ခံ၊ ပစ္စည်းထိန်းဌာန အရာရှိများ၊ အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ်ပြောချင်ရာ စကားများကို ကျယ်ကျယ်လောင်လောင် ပြောနေကြသည်။ သူတို့ လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်း အလုပ်လုပ် နေသည်ကို လုံးဝသိပုံမရပေ။ သတိပြုမိပုံလဲမရပေ။
“ဒီလောက်ကြမ်းတဲ့ အဝတ်တွေဝတ်ရတာ ကျောယားလိုက်ပါဘိကွာ။ အိမ်မှာတုန်းက တစ်ခါမှတောင် စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ၊ လက်တောင်မသုတ်ခဲ့တဲ့ အဝတ်ကြမ်းတွေကွာ”
ရဲဘော် တစ်ယေက်က ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာ ပြောလိုက်သည်။ ဗိုလ်ချုပ်သည် စာရေးနေရာမှာ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်အခန်းမှ စစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်။
“ချီးမှပဲ တို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အဝတ်ကြမ်း၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း။ ကူလီဝတ်တဲ့ အဝတ်မျိုးတွေကွ”
တစ်ယောက်ကဝင်ပြီး ပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက် တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံးကလည်း အရောင်တွေဝင်းဝင်းတောက် ဒေါသထွက်နေသည်။
“ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့ စစ်ဝတ်စုံဝတ်ပြီး မြို့ထဲသွားရင် ဂျပန်တပ်က ခိုင်းတဲ့ဟေးတိုး တပ်သားတွေထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာ သေချာတယ်။ မင်းတို့သာ ကြည့်ပြောပြပေတော့။ ဘယ်လိုအဝတ်အစားတွေ မှန်းမသိပါဘူးကွာ”။
ဗိုလ်ချုပ်အောင်ဆန်း
တစ်ဖက်အခန်းမှ အသံများကလဲ မလျှော့တမ်း ဟာသ စွက်ကာ ပြက်လုံးထုတ်လိုက်ပြန်သေးသည်။ ဗိုလ်ချုပ်သည် တွေဝေပြီး မျက်လုံးစုံမှိတ်ကာ စဉ်စားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလုပ်ပြီး “ဟေ့…တာရာ ဟိုဘက်က စကားပြောနေတဲ့ အကောင်တွေအားလုံး ငါ့ဆီ အမြန်ဆုံးခေါ်ခဲ့စမ်း၊ မြန်မြန်ကွ”
အော်ငေါက်ကာဗိုလ်တာရာအား လှမ်းပြီး အမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့် အခြေအနေကို လုံးဝမရိမ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေကို ဝေဖန်ရင်း ပြက်လုံး ထုတ်နေကြသည်။
ဗိုလ်တာရာလည်း တစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာ ဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊ အကြပ်တပ်သားအားလုံးကို ဗိုလ်ချုပ်၏အမိန့်အရ ဗိုလ်ချုပ်အခန်းထဲသို့ တစုတရုံးတည်း ခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကို အလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာပြီးဖြစ်ကြောင်း သတင်းပို့ကာ အလေးပြုနေစဉ်ပင် “မင်းတို့ ဘာကောင်တွေတုန်းကွ၊ ဟေ့…. ငါမေးနေတာမကြားဘူးလား” စူးစူးဝါးဝါးမေးမြန်းလိုက်သည်။
ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ် တစ်ခုလုံးလွှမ်းမိုးသွားသည်။ သူတို့သည် ကြောက်နေကြပြီး မှင်သက်မိသူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ။ သတိအနေဖြင့် ငြိမ်သက်စွာ ရပ်နေကြသည်။ “ပြောကြစမ်း၊ မင်းတို့ ဘာကောင်တွေတုန်း။ ငါမေးနေတာ မင်းတို့မကြာင်းဘူးလား။ ခုတင်က မင်းတို့ရယ်လားမောလားနဲ့ ပြောနေကြတာတွေလေ” ဗိုလ်ချုပ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါးအော်ဟစ်ကာ မေးလိုက်ပြန်သည်။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေနှင့် အနည်းငယ် တုန်လှုပ်နေကြသည်။
“ကျွန်တော်တို့ စစ်ဝတ်စုံတွေညံ့တာနဲ့ ဝေဖန်မိပါတယ် ဗိုလ်ချုပ်” ဗိုလ်ချုပ်ကို ဗိုလ်အဆင့်ရှိသူ တစ်ဦးက အရဲစွန့်ပြီး ဖြေကြားလိုက်သည်။ “ဘာကွ၊ စစ်ဝတ်စုံတွေ ညံ့တယ်၊ ကြမ်းတယ်၊ လက်တောင်မသုတ်ချင်ဘူး ဟုတ်လား၊ မင်းတို့ ဝေဖန်နေတာတွေ ငါအကုန်ကြားတယ်”
ဗိုလ်ချုပ်သည် ကျယ်လောင်စွာ ပြောလိုက်ပြီး ကုလားထိုင်မှ ဗြုန်းကနဲ ထလိုက်ပြီး တန်းစီထားသူများရှေ့သို့ တက်လာရင် …….“မင်းတို့ ငါအုပ်ချုပ်နေတဲ့ တပ်က အခုထွက်၊ အလကားကောင်တွေ မင်းတို့ကို ငါနဲနဲမှ အထင်မကြီးတော့ဘူး၊ နွားတွေ၊ တို့ ရဲ့ဘော်တွေ ယိုဒယားက ဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေ ဝတ်ပြီး တိုက်ပွဲဝင်ခဲ့ကြသလဲ ဟင် ပြောစမ်း” စိတ်ပါလက်ပါ လက်သီးလက်မောင်းတန်းပြီး မေးလိုက်သည်။
“မင်းတို့က အခုမှ ယူနီဖောင်းလေးဘာလေး စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ။ ဟေ့ တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကျိုက်ပြီးပဲ တိုက်ရတာ့ရော ဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာ အဓိကကွ။ အခုတော့ မင်းတို့က ကြီးကြီးကျယ်ကျယ် စကားတွေပြောလို့” ဗိုလ်ချုပ်က ခဏရပ်ပြီး ဆက်ပြောပြန်သည်။
“အခုတော့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက် အချင်းချင်းတောင် မင်းတို့ပြောနေကြပုံ သဘောထားတွေက သစ္စာဖောက်နေတဲ့ အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပစ်မယ်။ ထုတ်ရမယ်” ကြိမ်းဝါးလိုက်ပြန်သည်။
အကြိမ်းခံရသူ ဗိုလ်၊ အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူချင်းရိုက်ခက်သူခတ်၊ အတော်စိတ်ထိခိုက် နေကြသည်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကို ခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်လုပ်နေကာ ဗိုလ်ချုပ်သည် “ဘာလဲကွ မင်းတို့က ဂျပန်တွေ ကားစီးပြီး အဝတ်ကောင်းတွေ ဝတ်နေတာကို အားကျလို့လား။ အေး…..မင်းတို့မှတ်ထား ငါတို့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ။ ကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း ကျင့်ခံနေရတဲ့ ဘဝမှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ်ကြီးတွေ စီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက် အခွင့်အရေး ပိုလိုချင်ကြတယ်။ လူထုက ဝတ်စရာ အင်္ကျီ၊ ပုဆိုးမရှိတဲ့ အချိန်မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေ ဝတ်ဆင်ကြတယ်။ မှတ်ထား အခုလို စိတ်ဓာတ်မျိုး၊ အမြင်မျိုးတွေ ရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလလားပဲ။ လုံးဝ အဓိပ္ပာယ်မရှိတော့ဘူး” ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။
“မင်းတို့ နားလည်လား၊ စဉ်းစားမိလား၊ မင်းတို့ကို မင်းတို့ ဗိုလ်တွေ၊ စစ်သားတွေ၊ ရဲဘော်တွေဆိုပြီး တကယ်စစ်တိုက်ရတဲ့အခါမှာ စစ်ပညာ ကောင်းကောင်းတက်နေပြီးလား။ ဘာတစ်ခုမှ မတတ်သေးဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ကောင်စားတွေ။ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့ စိတ်တွေထားကြ။ ငပုတွေက မင်းတို့ကို ဆော်ဖို့ အသင့်ရှိနေတယ် ဆိုတာကို မင်းတို့မြင်ရဲ့လား။ ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ရမယ်”။
ဆက်လက်ပြီး ဒေါနဲ့ မောနဲ့ ကြိမ်းလိုက်ပြန်သည်။ “မှားပါပြီး ဗိုလ်ချုပ်၊ နောင်တရပါပြီ ဗိုလ်ချုပ်” အရာရှိနှစ်ယောက်က ကတုန်ကယင်ဖြစ်ကာ ငိုယိုသံများဖြင့် တောင်းပန် တိုးလျှိုလိုက်ကြသည်။ “ငါ ဘယ်လိုဝတ်ထားလဲ ကြည့်ကြစမ်း။ မင်းတို့နဲ့ ဘာခြားလို့လဲ။ မင်းတို့က ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ”။ ဗိုလ်ချုပ်သည် သူ၏ဟောင်းနွမ်းနေသော ဝတ်စုံကို လက်ဖြင့်ပုတ်ပြီး ပြလိုက်သည်။
“ကျွန်တော်တို့ မှားပါပြီး ဗိုလ်ချုပ်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့ အမှားကို ဝန်ချတောင်းပန်ပါရစေ” မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက်ကြပြန်သည်။ ဗိုလ်ချုပ်သည် သိမ်းကြုံပြီး ဒေါသထွက်နေသော မျက်လုံးအစုံဖြင့် တောင်းပန်နေသူများကို ဝင့်ကြည့်လိုက်သည်။ “မှတ်ထား ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှ မရှိရဘူး၊ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်မယ်။ လူထုဆင်းရဲရင် တို့ရဲဘော် အားလုံးဆင်းရဲမယ်။ ငါလည်း ဆင်းရဲရမယ်။ ငါတို့တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ ချီတက်ဖို့ အရေးကြီးတယ်။ အခုတော့ မင်းတို့ကောင်တွေကွာ ငါလိုက်ပြီး ကန်လိုက်ရရင်ကွာ” ကြိမ်းဝါးလိုက်ပြန်သည်။
သူ့ရှေ့တွင်ရပ်နေ ကြသူများမှာ သူပြုသမျှ၊ သူပေးသမျှ အပြစ်ဒဏ်ကို ခံယူကြမည့် ရဲဘော်များ ဖြစ်နေကြသည်။ အခိုက်အတန့်အတွင်း အပြောမှားအဆိုမှားခဲ့ရာ ယခုအခါဗိုလ်ချုပ်၏ ဆုံးမသြဝါဒများကြောင့် အမြင်မှန် ရခဲ့သည်။ “သွားကြစမ်း၊ မြန်မြန်ထွက်သွား။ အကောင်ရှုပ်တွေ ကြာကြာနေရင် မင်းတို့ကို ငါဆော်ထည့်မိလိမ့်မယ်”။
ဗိုလ်ချုပ်ကာကြိမ်းဝါးက ရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ ပါးစပ်သရမ်းမိသူများလည်း အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာ နှင့် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာငယ်လေးများဖြင့် ထွက်သွားကြလေတော့သည်။

No comments:

Post a Comment

Search This Blog